Japan Foundation Test for Basic Japanese (JFT-Basic) စာမေးပွဲ စည်းမျဥ်းစည်းကမ်းများ

စာမေးပွဲဖြေဆိုနိုင်ခွင့်

"ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ" (အောက်တွင် "ဤစာမေးပွဲ" ဟု သုံးမည်) ကို ဖြေဆိုနိုင်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) မိခင်ဘာသာစကားသည် ဂျပန်ဘာသာစကားမဟုတ်သော သူများ။
(၂) အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ပါက စာမေးပွဲရက်တွင် အနောက်တိုင်းပြက္ခဒိန်ဖြင့် တွက်ချက်မှုအရ အသက် ၁၈နှစ်နှင့် အထက်ဖြစ်ရမည်။
(၃) မြန်မာနိုင်ငံသားများဖြစ်ပါက စာမေးပွဲရက်တွင် အနောက်တိုင်းပြက္ခဒိန်ဖြင့် တွက်ချက်မှုအရ အသက် ၁၇နှစ်နှင့် အထက်ဖြစ်ရမည်။
(၄) ဂျပန်နိုင်ငံအတွင်း စာမေးပွဲဖြေဆိုခြင်းနှင့် စပ်လျဉ်း၍ အထက်ပါ (၁) မှ (၃) အပြင် ဂျပန်နိုင်ငံ၏ နေထိုင်ခွင့်အရည်အချင်း ကို ပိုင်ဆိုင်ထားရမည် (ကာလတိုနေထိုင်ခြင်းကိုလည်း က်ခံသည်)

စာမေးပွဲ မှတ်ပုံတင်ခြင်း၊ စာမေးပွဲ အမှတ်စာရင်းနှင့် အခြား သတင်းအချက်အလက်များအတွက် တင်ပြထားသည့် အချက်အလက်များကို အသုံးပြုခြင်း

  1. ဂျပန်ဖောင်ဒေးရှင်းသည် ဤစာမေးပွဲအတွက် စာမေးပွဲမှတ်ပုံတင်ခြင်း ရည်ရွယ်ချက်အတွက် တင်သွင်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဂျပန်ဖောင်ဒေးရှင်းက သင့်တင့်လျောက်ပတ်စွာနှင့် ဂျပန်နိုင်ငံ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကာကွယ်ရေး ဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေများ၊ လမ်းညွှန်ချက်များနှင့် အညီ ကိုင်တွယ်ပြီး ဤစာမေးပွဲနှင့် ဆက်နွှယ်နေသော ရည်ရွယ်ချက်များအတွက်သာလျှင် ဤအချက်အလက်များကို အသုံးပြုပါသည်။ စာမေးပွဲ မှတ်ပုံတင်ခြင်းနှင့် စာမေးပွဲ အမှတ်စာရင်းအတွက် တင်သွင်းထားသော အချက်အလက်များအပါအဝင် အချက်အလက် အမျိုးမျိုးကို ဤစာမေးပွဲနှင့် ဆက်နွှယ်နေသော ကိန်းဂဏန်းစာရင်းဇယား ပိုင်းခြားစိတ်ဖြာမှု၊ သုတေသန၊ သို့မဟုတ် သင်တန်းအတွက် ပုဂ္ဂိုလ်တစ်ဦးချင်းအား မည်သူမည်ဝါမှန်း ခွဲခြားမသိနိုင်သည့် ပုံစံဖြင့် အသုံးပြုမည်ဖြစ်သည်။ လျှောက်ထားသူများထံမှ ကောက်ယူထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပုဂ္ဂိုလ်တစ်ဦးချင်းအား မည်သူမည်ဝါမှန်း ခွဲခြားသိနိုင်စေသည့် ပုံစံဖြင့် မည်သည့် တတိယ အဖွဲ့အစည်းများသို့မဆို ဂျပန်ဖောင်ဒေးရှင်းက တမင်တကာ ထုတ်ဖော်ပြောကြားခြင်း မပြုပေ။ သို့ရာတွင် ၎င်းသည် အောက်ဖော်ပြပါ ချွင်းချက်သုံးခုနှင့် မသက်ဆိုင်ပေ။
    • အချက်အလက်များကို ဥပဒေရေးရာ အကြောင်းပြချက်နှင့် ပတ်သက်သော အခြေခံအတွက် တောင်းခံသော အခြေအနေများတွင်
    • အချက်အလက် ပေးအပ်ရန် ခွင့်ပြုချက်ကို အချက်အလက် ပေးအပ်သူထံမှ ကြိုတင် ရယူပြီးဖြစ်သော အခြေအနေများတွင်
    • ကောက်ယူထားသော အချက်အလက်များကို စီမံမှု ပြုလုပ်ဆောင်ရွက်ရန် ဂျပန်ဖောင်ဒေးရှင်းက အခွင့်အာဏာပေးထားသည့် ကန်ထရိုက်တာများ၊ စသည်တို့ထံသို့ အပ်နှံထားသော တာဝန်များကို ကျေပွန်စေရန် လိုအပ်သည့် နယ်ပယ်အတွင်း အချက်အလက်များကို ထုတ်ဖော်ပြောကြားသည့် အခြေအနေများတွင်
  2. ဤစာမေးပွဲအတွက် မှတ်ပုံတင်ရန်အလို့ငှာ တင်သွင်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုမှု ရည်ရွယ်ချက်နှင့် ပတ်သက်သည့် အကြောင်းကြားမှုကို လက်ခံရယူရန်၊ အချက်အလက်များကို ထုတ်ဖော်ပြောကြားရန်၊ ပါဝင်သည့် အကြောင်းအရာများကို ပြင်ဆင်ရန်၊ အချက်အလက်များကို ဖြည့်စွက်ရန် သို့မဟုတ် ပယ်ဖျက်ရန်၊ အချက်အလက်များအား အသုံးပြုမှုကို အဆုံးသတ်ရန်၊ အချက်အလက်များကို ဖယ်ရှားရန်နှင့် တတိယအဖွဲ့အစည်းများသို့ ဤအချက်အလက်များ ပေးအပ်မှုကို ကာကွယ်တားဆီးရန် မည်သည့် တောင်းဆိုမှုမဆိုကို ဂျပန်ဖောင်ဒေးရှင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကာကွယ်ရေး မူဝါဒအပေါ်တွင် အခြေခံ၍ ကိုင်တွယ်ဆောင်ရွက်ပါမည်။ ရယူထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သီးခြားပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ သဘောတူညီမှုကို ပေးအပ်ပြီးဖြစ်သည့် နယ်နိမိတ်အတွင်း၌သာ ကိုင်တွယ်ဆောင်ရွက်ပါသည်။
  3. ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုမှု ရည်ရွယ်ချက်များအတွက် အထက်ဖော်ပြပါ နယ်ပယ်များအတွင်း ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကိုင်တွယ်မှု တစ်စိတ်တစ်ပိုင်းကို ကန်ထရိုက်တာများသို့ အပ်နှံသောအခါ ကန်ထရိုက်တာများအတွက် သင့်လျော်သည့် ဘေးအန္တရာယ်ကင်းရှင်းမှု စီမံခန်ခွဲမှု ဆောင်ရွက်ချက်များကို ဂျပန်ဖောင်ဒေးရှင်းက အကောင်အထည်ဖော်ပါသည်။
  4. ဂျပန်နိုင်ငံ သို့မဟုတ် ဤစာမေးပွဲကို အကောင်အထည်ဖော်နေသည့် နိုင်ငံ၏ အစိုးရအဖွဲ့အစည်းတစ်ရပ်က ထိုကဲ့သို့ တောင်းခံလျှင် ဂျပန်ဖောင်ဒေးရှင်းသည် လျှောက်လွှာရှင်များနှင့် ၎င်းတို့၏ စာမေးပွဲရလဒ်များနှင့် ပတ်သက်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သက်ဆိုင်ရာ ထိုအစိုးရအဖွဲ့အစည်းသို့ ထုတ်ပြန်ပေးလိမ့်မည်။
  5. စုံစမ်းမေးမြန်းမှုများကို သင့်လျော်သော အကြောင်းရင်းများအတွက် ပြုလုပ်သောအခါ ဂျပန်နိုင်ငံ သို့မဟုတ် အခြားနိုင်ငံများ၏ အစိုးရအဖွဲ့အစည်းတစ်ရပ်၊ တက္ကသိုလ်များကဲ့သို့သော ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းများ သို့မဟုတ် အခြား အစိုးရအဖွဲ့အစည်းများမှ ဤစာမေးပွဲအတွက် ရလဒ်အသိပေးစာများတွင် ပါဝင်သည့် အကြောင်းအရာများ၏ စစ်မှန်မှုပတ်သက်သည့် စုံစမ်းမေးမြန်းမှုများကို ဂျပန်ဖောင်ဒေးရှင်းက တုံ့ပြန်ပါမည်။

လက်မခံနိုင်သော အပြုအမူ

  1. လက်မခံနိုင်သော အပြုအမူဖြစ်သည့် လုပ်ဆောင်မှုများကို စာမေးပွဲဖြေဆိုသူက လုပ်ဆောင်သည်ဟု ဤစာမေးပွဲကို အကောင်အထည်ဖော်ရန် အပ်နှင်းထားသည့် ကန်ထရိုက်တာ (Prometric Japan Co., Ltd.) က မှတ်ယူသော အခြေအနေများတွင် သို့မဟုတ် မည်သည့်အကြောင်းကြောင့်မဆို ရမှတ်များ၏ ခိုင်လုံမှုနှင့် ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်းက သံသယဖြစ်သော အခြေအနေများတွင် အောက်ပါ ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် အခွင့်အရေးကို ဤဖောင်ဒေးရှင်းက လက်ဝယ်ထားရှိသည်။ စာမေးပွဲ ပြန်လည် စစ်ဆေးခြင်း၊ စာမေးပွဲရလဒ်များကို တရားမဝင်၊ ပျက်ပြယ်ကြောင်း ကြေညာခြင်း (ယခင်က ဖြေဆိုခဲ့သည့် စာမေးပွဲများအပါအဝင်)၊ စာမေးပွဲဖြေဆိုသူ၏ စာမေးပွဲရလဒ်များကို အကြောင်းမကြားခြင်းနှင့်/သို့မဟုတ် စာမေးပွဲဖြေဆိုသူအား အနာဂတ်တွင် ဤစာမေးပွဲကို ဖြေဆိုခြင်းမှ တားမြစ်ခြင်းတို့ဖြစ်သည်။ စာမေးပွဲရလဒ်များကို တရားမဝင်၊ ပျက်ပြယ်ကြောင်း ကြေညာပြီးဖြစ်သော အခြေအနေများတွင် ကော်ပိုရေးရှင်းများ၊ ကျောင်းများ သို့မဟုတ် အခြား အစိုးရအဖွဲ့အစည်းများမှ ဤရလဒ်များနှင့် ပတ်သက်သည့် မည်သည့် စုံစမ်းမေးမြန်းမှုများမဆို ရှိခဲ့ပါက အဆိုပါ ရလဒ်များကို စည်းကမ်းနှင့် မညီ၍ ပယ်လိုက်ပြီဖြစ်ကြောင်း ထိုအဖွဲ့အစည်းများထံသို့ အကြောင်းကြားလိမ့်မည်။
  2. ဂျပန်နိုင်ငံသို့ မဟုတ် အခြားနိုင်ငံ၏အစိုးရအဖွဲ့အစည်းများ၊ တက္ကသိုလ်အစရှိသည့်ပညာရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများမှစုံစမ်းမေး မြန်းခြင်းစသည်တို့အရ၊ ဂျပန်ဖောင်ဒေးရှင်းသည် ဤစာမေးပွဲရလဒ်အကြောင်းကြားလွှာနှင့်ပတ်သက်၍ အကြောင်းအရာ၏စစ်မှန်မှုကို အတည်မပြုနိုင်သည့်အခါ၊ စာမေးပွဲဖြေဆိုသူ၏ စာမေးပွဲရလဒ်များကို တရားမဝင်အဖြစ်ထားရှိမည်ဖြစ်သည်။ထို့အပြင် အနာဂတ်တွင် ဤစာမေးပွဲသို့ဝင်ရောက်ဖြေဆိုခြင်းကိုတားမြစ်သည့်အခါလည်း ရှိမည်ဖြစ်သည်။

စာမေးပွဲ ပြန်လည် စစ်ဆေးခြင်း၊ စာမေးပွဲရလဒ်များကို တရားမဝင်၊ ပျက်ပြယ်စေခြင်း၊ စာမေးပွဲရလဒ်များကို အကြောင်းမကြားခြင်း သို့မဟုတ် အနာဂတ်တွင် ဤစာမေးပွဲကို ဖြေဆိုခြင်းမှ တားမြစ်ခြင်းစသည်တို့ကြောင့် စာမေးပွဲဖြေဆိုသူ ခံစားရသည့် မည်သည့် ဆုံးရှုံး နစ်နာမှု နှင့်/သို့မဟုတ် လက်ခံရရှိသည့် မည့်သည့် တိုင်တန်းချက်များအတွက်မဆို ဂျပန်ဖောင်ဒေးရှင်းက လုံးဝတာဝန်မယူပါ။

အကျုံးဝင်သည့်ရက်စွဲ- မတ်လ 20 ရက်၊ 2019 ခုနှစ်
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ- စက်တင်ဘာ 20၊ 2019
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ- ဖေဖော်ဝါရီ 1၊ 2021
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ- ဧပြီလ 1 ရက်၊ 2024

LANGUAGE
  • wovn-lang-name